Thursday, September 18, 2008

ထန်းတက်လက်မှတ်

စိတ်ညစ်တယ်...
ကျွန်တော်အလုပ်ဝင်စက အလုပ်ရယ်လို့ မယ်မယ်ရရမရှိဘူး။ အလုပ်လုပ်တာနည်းတော့ မန်နေဂျာ ငြိုငြင်မှာစိုးလို့ ကိုယ်နဲ့မဆိုင်တဲ့အလုပ်တွေလည်း လိုက်လုပ်တာ။ အခုကျမှ လုပ်စရာတွေ ပုံပြီး နားကိုမနားရတော့ဘူး။အလျဉ်းသင့်လို့ ပုံပြင်တစ်ပုဒ်ပြောပြမယ်..
အင်္ဂလိပ်ခောတ်က ထန်းတက်သမားတစ်ယောက်ရှိသတဲ့။ တစ်နေ့မှာ အင်္ဂလိပ်မင်းကြီး တစ်ယောက် သူနေတဲ့ထန်းတောနားရောက်တုန်း ထန်းရေသောက်ချင်တာနဲ့ ထန်းတောကို ၀င်လာသတဲ့။ ထန်းတက်သမားလည်း ထန်းရေတွေယူပြီး တိုက်တာပေါ့။ ထန်းရေလဲသောက်ပြီးရော အရေးပိုင်မင်းက သဘောကျတာနဲ့ စာတစ်စောင်ရေးပေးခဲ့သတဲ့။
စာက သာမန်ကာလျှံကာစာမျိုးမဟုတ်ပဲ တံဆိပ်တုံးတွေ လက်မှတ်တွေနဲ့ဆိုတော့ ထန်းတက်သမားလည်း သိမ်းထားတာပေါ့။ ထန်းတက်သမားက အဲဒီစာကို အင်္ဂလိပ်အရာရှိတွေ့တိုင်းထုတ်ပြသတဲ့။ ထုတ်ပြလိုက်တိုင်း အင်္ဂလိပ်အရာရှိက ထန်းရေအလကားသောက်သွားရောတဲ့။ ကြုံရဖန်များတော့ မသင်္ကာတာနဲ့ အင်္ဂလိပ်လိုနားလည်တဲ့သူကို ပြကြည့်မှ အဲဒီစာရွက်က ဂုဏ်ပြုလွှာမဟုတ်ပဲ ထန်းရေအလကားသောက်လို့ရကြောင်းရေးခဲ့တာဖြစ်နေတယ်။
ကျွန်တော့်အဖြစ်လည်းဒီလိုပဲ အသိအမှတ်များပြုခံရမလားလို့ အပိုအလုပ်တွေလိုက်လုပ်ပါတယ်။ လုပ်ပေးတုန်းခဏပဲ ကျေးဇူးတင်ပါတယ်ပြောပြီး ပြီးရင်မေ့သွားတာပဲ။ နောက်တခါ ခိုင်းစရာရှိမှသတိရတယ်။ ပိုဆိုးတာက ဒီမှာတင်ရပ်မသွားပဲ တခြားတစ်ယောက်ကိုပါ လက်ဆင့်ကမ်း သတင်းပေးလိုက်သေးတယ်။ ဒါနဲ့ ကျွန်တော့်မှာ ထန်းတက်လက်မှတ် ရရောဆိုပါတော့။ စိတ်ညစ်တယ်ဗျာ..

Monday, September 01, 2008

မင်္ဂလာပါစင်္ကာပူ

စင်္ကာပူ..အမိမြေနဲ့ခွဲပြီး မနေဖူးတဲ့ကျွန်တော့်ကို စင်္ကာပူကဘယ်လိုကြိုဆိုလိမ့်မလဲ။လေယာဉ်ပေါ်မှာထိုင်ရင်းကျွန်တော့အနာဂတ်အရေးကိုတွေးနေမိတယ်။ဓာတ်ပုံထဲမှာတောင်သေသေချာချာမမြင်ဖူးတဲ့၊ မြေပုံပေါ်မှာအစက်လေးတစ်စက် အဖြစ်ရှိနေတဲ့ စင်္ကာပူကိုစိတ်ကူးနဲ့ပုံဖော်ကြည့်နေမိတယ်။

“အင်း..တခြားသူတွေတော့ အဆင်ပြေတယ် ပြောတာပဲ..ငါရော??” ဆက်တောင်မတွေးဝံ့တော့ပါ။ လုပ်နိုင်သလောက် လုပ်ခဲ့မယ်ကွာ..မဖြစ်လာတော့လဲ အတွေ့အကြုံရတာပေါ့။ ကိုယ့်ကိုယ်ကို အားပေးရင်း ရောက်တော့မယ့်စင်္ကာပူကိုစိတ်ကူးနဲ့ နှုတ်ဆက်လိုက်ပါတယ်။

မင်္ဂလာပါစင်္ကာပူ.. ကျွန်တော်ရောက်လာပါပြီ။

လေဆိပ်ရောက်တော့ စင်္ကာပူ ထဲဝင်ဖို့ လူဝင်မှုကြီးကြပ်ရေးက မေးခွန်းတွေမေးပါတယ်။ ကျွန်တော့်ကို မေးခွန်းမေးတာ မိန်းမကြီးပါ။ အင်္ဂလိပ်စကားကို မြန်မာပြည်မှာ ရေရေလည်လည် မပြောခဲ့တဲ့ ကျွန်တော့်အတွက် ဒီမေးခွန်းတွေ နားလည်ဖို့ အခက်အခဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ကြိုးစားပြီး ထစ် ငေါ့ထစ်ငေါ့ဖြေတာပေါ့။
မေး : မင်းဒီကိုဘာလာလုပ်တာလုပ်တာလဲ
ဲဖြေ : ကျွန်တော် Seminor တစ်ခုလာတက်တာပါ
မေး : ဒါဆိုမင်း ဘယ်မှာနေမှာလဲ
ဖြေ : white card မှာ လိပ်စာဖြည့်ထားပါတယ်။
မေး : အဲဒီနေရာက ဘယ်သူ့နေရာလဲ။
ကျွန်တော်မရှင်းလို့ နောက်တစ်ခါ ထပ်မေးလိုက်ပါတယ်။
"ဘာကိုဆိုလိုတာလဲ၊ ကျွန်တော် နားမလည်ဘူး။"
မိန်းမကြီးတော်တော် ဒေါသထွက်သွားတယ်။ ဒေါသသံကြီးနဲ့
"မင်းဖြည့်ထားတဲ့လိပ်စာမှာ ဘယ်သူတွေနေတာလဲလို့မေးတာ"
.. အဲဒီမှာ ဒုက္ခတွေ့ တော့တာပဲ။ လေယာဉ်ပေါ်မှာ စင်္ကာပူမှာ နေမယ့် လိပ်စာကို ဖြည့်ရပါတယ်။ ကျွန်တော်လည်း သူငယ်ချင်းကပေးတဲ့ လိပ်စာကို ဖြည့်ခဲ့တာ။ အဲဒီအိမ်မှာ ဘယ်သူတွေနေလဲ၊ အိမ်ရဲ့ပိုင်ရှင်က ဘယ်သူလဲဆိုတာ ကျွန်တော်မသိဘူး။ ကျွန်တော်လည်း အရေးမကြီးဘူးထင်လို့ မမေးထားဘူး။ ကျွန်တော်လည်း မသိတော့ ထစ်အ,ထစ်အဖြစ်နေတာပေါ့။ အဲဒါနဲ့ အဲဒီမိန်းမကြီးက ကျွန်တော့် ကိုခေါ်တဲ့ ခေါ်စာကို ပြခိုင်းပါတယ်။ ဖြစ်ချင်တော့ ခေါ်စာလည်း ရှာလို့မတွေ့ဘူး ဖြစ်နေတယ်။ နောက်မှာ လူတွေကလည်း အများကြီး တန်းစီနေတာ။ ဒါနဲ့ အဲဒီအရာရှိမိန်းမကြီးက ကျွန်တော့်ကို တခြား သီးသန့် စစ်ဆေးမယ့် နေရာခေါ်သွား ပါလေရော။ ကံကောင်းချင်တော့ ကျွန်တော်ခေါ်စာကို အဲဒီနေရာကျမှ
ရှာလို့တွေ့ သွားပါတယ်။ ဒါပေမယ့် သူတို့ကျွန်တော့်ကို မယုံတော့ဘူး။ မေးခွန်းတွေ ထပ်မေးပါတယ်။

မေး : ဒီခေါ်စာခေါ်တဲ့လူနဲ့မင်းဘာတော်လဲ
ဖြေ : ကျွန်တော့်သူငယ်ချင်းပါ။
မေး : ဒီကုမ္ပဏီကဘာကုမ္ပဏီလဲ။
ဖြေ : အစားအစာတွေထုတ်တဲ့ တစ်ခုပါ။
မေး : မင်းနဲ့ အစားအစာထုတ်တာနဲ့ဘာဆိုင်လဲ။ ငါတို့ကိုအဖြေတစ်ခုပေးပါ။
ဟိုက်..သေရော။ ကျွန်တော်စကားကို အရှည်ကြီးပြောပြီး ရှင်းပြရတော့မယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ရှင်းပြတာပေါ့။ ဒါလည်းမရဘူး။ နောက်ဆုံးမှ..အဲဒီစစ်ဆေးရေးမှူးက တစ်ခုစဉ်းစားမိပြီး မေးလိုက်ပါတယ်။
မေး : မင်းမှာ ပိုက်ဆံဘယ်လောက်ပါလဲ?
ဖြေ : ကျွန်တော် USD 2000 လောက်ပါပါတယ်။
မေး : ဒါဆိုပြပါ
ကျွန်တော် အဲဒီပိုက်ဆံကိုပြဖို့ အိပ်အထပ်ထပ်နှိုက်၊ မှင်ခံတွေကိုဖယ် ပြီးတော့ သူတို့မြင်အောင် ဖြန့်ပြလိုက်တော့.. အဲဒီလူကြီးကပြုံးပြီး "ဟူး...မင်းစောစောတည်းက အလည်လာတာလို့ ပြောလိုက်ပြီးရော" ဆိုပြီး တံဆိပ်တုံးထုပေးလိုက်ပါရောလား။ တစ်ကယ်တော့ သူတို့ ကျွန်တော် အလုပ် လာရှာတာ မှန်းသိတယ်။ ကျွန်တော်က လိမ်ပြောနေတာနဲ့ အဆင်မပြေဖြစ်နေတာ။ အမှန်ပြော လိုက်တော့မှ အဆင်ပြေ သွားတာဗျာ။ ကျွန်တော်လည်း လိမ်ညာတဲ့အလုပ်က တစ်ကယ်မလွယ်ဘူး ဆိုတဲ့ အသိတစ်ခု ရလိုက်တယ်။ ဒါနဲ့ ကျွန်တော်လည်း လေဆိပ်ထဲ ရောက်လာရော ဆိုပါတော့..
ဆက်ရန် >>

Sunday, June 29, 2008

ကလေးတို့သိစေဖို့ (ဦးဦး)

ကလေးတို့ရေတစ်ခါကစက်ရုပ်တိုင်းပြည်ဆိုတာရှိသတဲ့ကွယ်။
စက်ရုပ်တိုင်းပြည်ဆိုတဲ့အတိုင်း တစ်တိုင်းပြည်လုံး
စက်ရုပ်တွေချည်းပဲတဲ့ကွယ်။ အဲဒီတိုင်းပြည်က
စက်ရုပ်တွေဟာဆိုရင် စက်မပျက်မချင်း
အလုပ်တွေနဲ့လည်ပတ်နေတဲ့ကွယ်။စက်ရုပ်တွေဟာကောင်းကင်က
အလင်းရောင်ထွက်ပေါ်လာတာနဲ့အလုပ်တွေစတင်လုပ်ကြသတဲ့
။ အလင်းရောင်ဖျဖျမြင်ရပြီဆိုရင်ပဲ စက်ရုပ်တွေဟာ
သတ်မှတ်ထားတဲ့နေရာကို ရွေ့လျားကြရသတဲ့ကွယ်။
သတ်မှတ်ထားတဲ့နေရာရောက်ရင် အလိုအလျောက်
ယာဉ်ကြီးတွေက အလုပ်ရုံတွေဆီကို သယ်ဆောင်သွားသတဲ့။
သက်ဆိုင်ရာအလုပ်ရုံရောက်တဲ့အခါ စက်ရုပ်တွေဟာ
တစ်နေ့တာအတွက် ရေးသားသတ်မှတ်ထားတဲ့
အစီအစဉ်အတိုင်း လှုပ်ရှားကြရတော့တာပေါ့ကွယ်။ စက်ရုပ်တွေ
အားအင် (energy) ကုန်ခါနီးတဲ့အချိန်ကျမှ သတ်မှတ်ထားတဲ့
ယာဉ်ကြီးတွေပေါ်ကို ပြန်လည်ရောက်ရှိလာရသတဲ့။
ယာဉ်ကြီးတွေက စက်ရုပ်တွေအားအင်ဖြည့်ဖို့အတွက် အားဖြည့်
လှောင်အိမ် (energy box) တွေဆီကိုပြန်ပို့ကြသတဲ့။ အဲဒီ
အားဖြည့်လှောင်အိမ်ထဲမှာ စက်ရုပ်တွေဟာ နောက်တစ်ခါ
အလင်းရောင်ထွက်ပေါ်လာတဲ့အထိ အားဖြည့်ကြသတဲ့။ ဒီလိုနဲ့
စက်ရုပ်တိုင်းပြည်ကြီးလည်ပတ်နေသတဲ့ကွယ်။

စက်ရုပ်တွေအတွက် လုပ်ငန်းစဉ်တွေကို သက်ရင့်စက်ရုပ်ကြီး
(senior robot) တွေကရေးသားသတဲ့။ အဲဒီသက်ရင့် စက်ရုပ်
ကြီးတွေက စက်ရုပ်တွေ အလုပ်လုပ် မလုပ်ကို ကြီးကြပ်ကြ
သေးသတဲ့ကွယ်။ ဒီလိုနဲ့ စက်ရုပ်တွေအလုပ်လုပ်လာလိုက်တာ
၅ ရက်မြောက်တယ်ဆိုရင်ပဲ စက်ရုပ်တွေအတွက် အထူးအခွင့်
အရေး ၂ရက် ရရှိကြရသတဲ့။
အဲဒီ ၂ ရက်မှာဆိုရင် စက်ရုပ်တွေဟာ အလုပ်တွေကနေ ကင်းလွတ်ခွင့်ရှိသတဲ့။ အဲဒီ ၂ ရက်မှာ စက်ရုပ်စကား (Robot Language) မဟုတ်တဲ့ ဘာသာစကားတွေ ပြောခွင့်ရှိသတဲ့။ ပြီးတော့ စက်ရုပ်အချင်းချင်း တွေ့ဆုံတာတို့၊ အားဖြည့်လှောင်အိမ် (Energy Box) သန့်ရှင်းရေးလုပ်တာတို့၊ အပမ်းဖြေတာတို့ လုပ်ကြသေးတဲ့ကွယ်။

တစ်ချို့ ကံမကောင်းတဲ့ စက်ရုပ်တွေဆိုရင် အထူးအခွင့်အရေး ၂ ရက်မှာတောင် အလုပ်တွေလုပ်ကြရသတဲ့။ကလေးတို့ရေ...ထူးဆန်းတာတစ်ခုကတော့ အဲဒီစက်ရုပ်တွေဟာ စက်ရုပ်တိုင်းပြည်မရောက်ခင်က ဦးဦးတို့လို ကလေးတို့လို လူသားတွေဖြစ်ကြသတဲ့ကွယ်။
လူသားတွေဟာ စက်ရုပ်တိုင်းပြည်ကြီးရဲ့ ဆွဲဆောင်မှုကိုမခံနိုင်ကြလို့ စက်ရုပ်အဖြစ်ကို လိုလိုချင်ချင် ကူးပြောင်းကြသတဲ့ကွယ်။ စက်ရုပ်တိုင်းပြည် အတွက်အလုပ်လုပ်ကြရင် လူသားတိုင်းပြည်မှာ ရွှေတွေ ငွေတွေ တိုးပွားလာကြသတဲ့။ ဒါကြောင့် စက်ရုပ်တွေဟာ လူသားအဖြစ်ကို တောင့်တရင်းနဲ့ပဲ ရွှေ၊ ငွေ ဥစ္စာဓနတွေအတွက် စက်ရုပ်အဖြစ် နေထိုင်လည်ပတ်နေကြသတဲ့။

ကလေးတို့ရေ...ဒီပုံပြင်လေးမှာ ဦးဦးပြောချင်တာကတော့ ဥစ္စာဓနကို မက်ရင် လူသားအဖြစ်ကနေ စက်ရုပ်ဘ၀ကို ပြောင်းသွားတတ်တယ် ဆိုတာပါပဲကွယ်။ ကလေးတို့သင်ခန်းစာယူတတ်ကြပါစေ။
(ဦးဦး)

Sunday, February 17, 2008

မြန်မာယူနီကုတ်(၂)

ကျွန်တော်အခုတလော မြန်မာယူနီကုတ်နဲ့ပတ်သက်လို့ စိတ်ဝင်စားနေပါတယ်။ ဒါနဲ့ google မှာရှာကြည့်လိုက် တော့ မြန်မာယူနီကုတ် အတွက် utilities တော်တော် များများကို တီထွင်ပြီး ဖြစ်နေတာ တွေ့လိုက်ရ ပါတယ်။ တွေ့မိသမျှလေး List လုပ်ရရင်
  1. http://rishida.net/scripts/pickers/myanmar/
  2. http://www.thanlwinsoft.org/
  3. http://www.mmlt.org/portal/
  4. http://burglish.googlepages.com/testarea.htm
  5. http://burglish.blogspot.com/
  6. http://studioamk.com/web/infusions/pro_download_panel/download.php?did=6

I came, I saw, I conquered ဆိုတဲ့နာပိုလီယမ် ပြောဖူးတဲ့စကားလေး တစ်ခုရှိပါတယ်။ ကျွန်တော်လည်း သူ့ကို အတုခိုးပြီး မြန်မာလိုပဲ ပြောချင် ပါတယ်။ ကျွန်တော် ရှာဖွေတယ်၊ ကျွန်တော် တွေ့ရှိတယ်၊ ကျွန်တော် အားကျတယ်၊ ကျွန်တော် ကြိုးစားမယ်ဗျာ...

Thursday, February 14, 2008

မြန်မာယူနီကုတ်

ကျွန်တော့်သူငယ်ချင်းတစ်ယောက် Web Crawler တစ်ခု Master Degree အတွက်ရေးနေပါတယ်။ ကျွန်တော့်ကိုမြန်မာယူနီကုတ် Font တွေဘယ်နှစ်ခုလောက်ရှိလဲ၊ ဘာတွေကွာခြားလဲ၊ ဘယ်တစ်ခုကိုအတည်ယူပြီး ရေးရမလဲ လို့မေးလာပါတယ်။ ကျွန်တော် ဖြေဖို့တော်တော်ခက်သွားပါတယ်။ အခုအားလုံးက ယူနီကုတ်ဆိုတာ UTF-8 Encoding ဖြစ်ရမယ်၊ မြန်မာစာနဲ့ အင်္ဂလိပ်စာတွဲရိုက်နိုင်ရမယ် ဒါဆိုရင်ဖြစ်ပြီလို့လက်ခံထားကြပါတယ်။ ဒါကြောင့် သူတစ်မျိုး ငါတစ်မျိုး ထွင်လိုက်ကြတာမ တူညီတဲ့ မြန်မာယူနီကုတ် Font ၁၀မျိုးအထက်မှာရှိပါတယ်။ ပြီးတော့ ဘာကွာခြားလဲ လို့ဆိုရင် ဘာမှမကွာခြားပြန်ဘူး။

အခုပဲ မတူညီတဲ့ယူနီကုတ် Font လို့ပြောလိုက် အခုပဲဘာမှ မကွာခြားဘူး လို့ပြောလိုက်နဲ့လို့ အပြစ်တင် မစောပါနဲ့ဦး ဆက်ပြီးရှင်းပါ ဦးမယ်။

Font Developer တွေက ကကြီး၊ ခခွေး အက္ခရာ တွေကို မြန်မာပြည်အတွက်သတ်မှတ်ထားတဲ့ U+1000 ကနေ U+109F အတွင်းမှာပဲထားပြီး Font တွေရေးကြပါတယ်။ ဒါပေမယ့် Encoding ကျတော့ မတူဘူးဗျ။ Font ပုံစံချင်းအတူတူ၊ တစ်ယောက်နဲ့ တစ်ယောက် မတူအောင် Glyph နေရာရွှေ့ပြီး သတ်မှတ်ကြတယ်လေ။ စာရိုက်တဲ့လက်ကွက်၊ Application နဲ့ Web Site တွေမှာသုံးရ မယ့် Procedureတွေကျတော့ တူနေပြန်ပါ ရောလား။

ထင်ရှားအောင် Font နှစ်ခုကိုယှဉ်ပြပါမယ်။

မြစေတီ





http://www.myazedi.com/

ဇော်ဂျီ








http://www.alpha.com.mm/downloads.php

အဲဒီ Font အမျိုးမျိုးနဲ့ပဲ Web Site တွေ၊ သတင်းတွေ၊ ဘလော့ဂ်တွေ အများကြီး Online မှာရောက်နေပါပြီ။ အခု You-Tube နဲ့ Google မှာတောင် မြန်မာလိုရိုက်ပြီး ရှာရင် ရနေပါပြီ။

ဒါပေမယ့် ရှာတဲ့လူက Font တစ်မျိုးနဲ့ရှာ၊ တင်တဲ့လူက အခြား Font နဲ့တင်ထား တော့ရှာတဲ့ အတိုင်း မတွေ့တော့ဘူး ဖြစ်နေတယ်လေ။

ဒါဆိုရင်အခုဘာလုပ်သင့်သလဲ? Font တွေ ကလည်း ရေးပြီး နေပြီ။ Online လည်းရောက်နေပြီ။ ပြန်ဖျက်ဖို့လည်းမကောင်းတော့ဘူး။

ဆက်ပြီးမစဉ်းစားချင်တော့ဘူးဗျာ။ ကျွန်တော့် သူငယ်ချင်း ကတော့ Font ၁၀ မျိုးကျော်အတွက်ကို Web Crawler Option ၁၀မျိုးလောက် ရေးဖို့စဉ်းစားနေလေရဲ့။ နောက်ထပ် Font အသစ်တွေထပ်ထွက်လာရင် ထပ်ပြီးရေးမလားမသိဘူး။

Thursday, February 07, 2008

Ajax Technology (2) Ajax via Javascript

ajax နားလည်ချင်တဲ့သူတိုင်း HTML DOM (Document Object Model)ကိုကျွမ်းကျင်ပြီး ဖြစ်ရပါမယ်။ ဘာကြောင့်လဲ ဆိုရင် DOM ကို အသုံး ပြုပြီး Data ဖတ်တာ၊ ပြန်ပြ တာတွေ လုပ်ရ လို့ပါပဲ။

ဥပမာ

Data ဖတ်ရန်
var a = Document.Form1.txtName.Value;

Data ပြန်ပြရန်

Document.getElementById("display").Value= a;
ဆိုပြီးသုံးရပါတယ်။


DOM အသေးစိပ် ကိုတော့http://www.w3schools.com/htmldom/default.asp မှာကြည့်ပါ။

ဒုတိယ အနေနဲ့ javascript Events တွေကိုလည်းနားလည်ရပါမယ်။ User Action တိုင်းကို javascript events တွေနဲ့သိနိုင်လို့ပါပဲ။

ဥပမာclick နှိပ်တဲ့အခါ function တစ်ခု run ချင်ရင်

<'input value="Click Here" id="btnclick">onclick="showtext()" type="button" name="btnclick">

နဲ့ရေးရပါမယ်။ javascript Event အသေးစိတ်ကိုတော့

http://www.w3schools.com/js/js_events.asp မှာဖတ်ပါ

xmlHttpRequest အကြောင်းဆက်ရေးပါဦးမယ်

<<<>>>
button တွေရေးတဲ့အခါ "submit" နဲ့ရေးရင် from post ဖြစ်သွား တဲ့အတွက် input type="button" လို့ရေးရပါတယ်။ ပြီးတော့ javascript က case sensitive ဖြစ်ပါတယ်။ Capital Letter, Small Letter ဂရုစိုက်ပြီး ရေးဖို့လိုအပ်ပါတယ်။

Tuesday, February 05, 2008

Ajax Technology

History
Ajax ဆိုတာ Asynchronous JavaScript and XML ကို အတိုကောက် ခေါ်ထားတာ ဖြစ်ပါတယ်။ Ajax ရယ်လို့အမည် စတွင်လာတဲ့ အချိန်ကတော့ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ မှာဖြစ်ပြီး Jesse James Garrett ဆိုတဲ့လူက စတင်ခေါ်ဆိုခဲ့ပါတယ်။
Asychronous Loading အိုင်ဒီယာကိုတော့ Microsoft ကစတင်အသုံးပြုခဲ့တာပါ။ ၁၉၉၆ မှာ Internet Explorer 3 ပေါ်မှာ IFRAME Element တွေကို Support ပေးခဲ့ပါတယ်။ စာမျက်နှာတစ်ခုလုံး Refreshလုပ်စရာ မလိုပဲ IFRAME ထဲမှာပဲ အကြောင်းအရာ တွေပြောင်းလဲပြသလို့ ရနိုင်ပါတယ်။
၁၉၉၇ မှာတော့ Netscape 4 နဲ့အတူ Layer Element ကို Netscape Navigator ကမိတ်ဆက်လာပါတယ်။ Layer Element တွေကြောင့် ရှိပြီးသား စာမျက်နှာပေါ်မှာပဲ အလွှာတွေထပ်ပြီးပြသလို့ရလာပါတယ်။
၁၉၉၈ မှာ Microsoft က Ajax ရဲ့အစဖြစ်တဲ့ MSRS (Microsoft Remote Scripting) ကိုတီထွင် လိုက်ပါတယ်။ XMLHttpRequest ကို Microsoft Exchange Server အတွက် ရည်စူးပြီး တီထွင်လိုက် တာလည်း ဖြစ်ပါတယ်။ XMLHttpRequest ကိုအသုံးပြုပြီး Web Browser ကနေ Exchange Server ကို outlook Express သုံးတဲ့အတိုင်း Access လုပ်လို့ ရလာပါတယ်။ User က email ကြည့်လိုတဲ့အခါ XMLHttpRequest က web page ကို refresh မလုပ်ပဲ Exchange Server ကနေ email တွေ downloadလုပ်ပေး ပါတယ်။
W3C က HTML 4.0 နဲ့ XHTML 1.0 (HTML 4.1 လို့လည်းခေါ်ပါတယ်) ကို အသိအမှတ် ပြုလိုက်တဲ့ အချိန်မှာတော့ AJAX ဆိုတဲ့အတိုကောက်နာမည်နဲ့ Asychronous Technology ကမ္ဘာကျော် လာပါ တော့တယ်။ XML, CSS, HTML, XMLHttpRequest တို့ကိုပေါင်းစပ်ပြီး Web Page ပေါ်မှာ User Interface အမျိုးမျိုး တီထွင်ကြ ပါ တော့တယ်။ Ajaxကို အခုအခါ Asp, JSP, ASP.Net, PHP Language တွေနဲ့ တွဲသုံး နိုင်ပြီး Framework တွေလည်း အများ အပြား ပေါ်ထွက် နေပြီ ဖြစ်ပါတယ်။

Friday, January 18, 2008

မျှမျှတတပိုင်ဆိုင်ပါစေ

ခရီးသည်အားလုံးလေယာဉ် ပေါ်ကို တက်ဖို့ ကြေငြာ နေတဲ့အချိန်တစ်ခုမှာ သားအမိနှစ်ယောက် စစ်ဆေးရေး ဂိတ်တစ်ခု အနီးအလွမ်းသည်နေကြပါတယ်။
“သမီးလေး အရာရာမှာ မျှမျှတတပိုင်ဆိုင်နိုင်ပါစေကွယ်”။
“...“
“မေမေ၊ သမီးဘ၀တစ်လျှောက်လုံးလိုတာထက် ပိုပြီးပြည့်စုံခဲ့ပါတယ်။
မေမေ့ရဲ့မေတ္တာတစ်ခုပဲ သမီးလိုအပ်ခဲ့တာပါ၊ မေမေလည်း မျှမျှတတပိုင်ဆိုင်နိုင်ပါစေ”
တစ်ဦးကိုတစ်ဦး အပြန်အလှန် ပွေ့ဖက်ပြီးနှုတ်ဆက်ခဲ့ကြပါတယ်။
သမီးဖြစ်သူက လေယာဉ်ပေါ် တက်သွားချိန်မှာတော့ မိခင်ဖြစ်သူက ကျွန်မထိုင်နေတဲ့ ပြတင်းပေါက်နားကခုံကို လာပြီးဝမ်းနည်းစွာ ငိုကြွေးနေပါတယ်။ ကျွန်မလည်း ဘာလို့ငိုနေကြောင်း သိချင်ပေမယ့် မေးဖို့တွန့်ဆုတ်နေ ခဲ့ပါတယ်။ ဒါပေမယ့် သူမက လိုလိုလားလားပဲ “ရှင်,တစ်သက်တာ ခွဲရတော့မယ့် သူတစ်ယောက်ကို ဒီလိုနှုတ်ဆက်ခဲ့ဖူးလား” ဟု စကားစလာပါတယ်။
“အားတော့နာပါတယ် ဘာအကြောင်းနဲ့ တစ်သက်တာခွဲခွာဖို့ဖြစ်လာတာလဲ” ပြန်မေးလိုက်တော့ သူမ အချိန်အတန်ကြာငေးမောနေပြီးမှ “သမီးက နိုင်ငံခြား တိုင်းပြည်တစ်ခုမှာနေတာလေ၊ အမေအိုကြီး တစ်ယောက်ဆီကို ပြန်လာဖို့ နှစ်နဲ့ချီပြီးကြာတတ်တယ်”
“သမီးနောက်တစ်ကြိမ် ပြန်လာတဲ့အချိန်က ကျွန်မ သေဆုံးတဲ့ ဇာပန အခန်းအနား အတွက် ဖြစ်မယ်ထင်ပါ တယ်”
ကျွန်မလည်း တစ်စုံတစ်ခုကိုသတိရလိုက်တာနဲ့
“ဒါနဲ့...ခုနကနှုတ်ဆက်တုန်းကပြောတဲ့ မျှမျှတတပိုင်ဆိုင်နိုင်ပါစေ ဆိုတဲ့အဓိပ္ပါယ်ကဘာများပါလိမ့်”
မေးခွန်းကြောင့် သူမမျက်နှာပြုံးရောင်သန်းလာပြီး
“အဲဒီဆုတောင်းက မျိုးရိုးစဉ်ဆက်လက်ဆင့် ကမ်းလာတဲ့ စကားစုပေါ့။ ကျွန်မမိဘတွေအမြဲပြောလေ့ရှိတဲ့ ဆုတောင်းပဲလေ”
သူမစကားကိုခဏရပ်နားလိုက်ပါတယ်။ အဓိပ္ပါယ်ကို တစိမ့်စိမ့်တွေးရင်း သူမရဲ့ အပြုံးတွေပိုပြီး ပြီပြင်လာပါတယ်။
“မျှမျှတတပိုင်ဆိုင်နိုင်ပါစေ လို့ဆုတောင်းတဲ့အချိန်မှာ ကြားရတဲ့သူအတွက် ဘ၀တစ်သက်တာလုံး ကောင်းမြတ်တဲ့ အရာတွေ လုံလောက် မျှတစွာ ပိုင်ဆိုင်နိုင်ပါစေ လို့ဆန္ဒပြုလေ့ရှိပါတယ်။
လေးနက်တဲ့အကြောင်းအရာတွေကိုပြောချင်တာကြောင့် ဘေးချင်းယှဉ်ရပ်ရာကနေ ကျွန်မဘက်ကိုမျက်နှာမူလိုက်ပါတယ်။ ပြီးမှသူမမှတ်သားထားတဲ့ အဓိပ္ပါယ်တွေကို တစ်ကြောင်းချင်းရွတ်ပြ ပါတော့တယ်....
* ပတ်ဝန်းကျင် တစ်ခုလုံးအုံ့မှိုင်း နေသည့်တိုင် သင့်ရဲ့ယုံကြည်မှုတွေ ထွန်းလင်းနိုင်ဖို့အတွက် သင့်တင့်မျှတတဲ့ နေရောင်ခြည် ကိုပိုင်ဆိုင်ပါစေ
* ရည်မှန်းချက်တွေ ဆက်လက်ရှင်သန်ဖို့ ပြီးတော့ အဆုံးသတ်မှာ ရလဒ်ကောင်းခံစားရနိုင်ဖို့ သင့်တင့်မျှတတဲ့ ပျော်ရွှင်မှုတွေ ရရှိနိုင်ပါစေ
* ပျော်ရွှင်ချမ်းမြေ့မှုတွေကို တန်ဖိုးထားတတ်ဖို့သင့်တင့်မျှတတဲ့ နာကျင်ခံစားမှု တွေလည်း ရရှိနိုင်ပါစေ
* အလိုရှိသမျှ ရနိုင်ဖို့ အတွက် သင့်တင့်မျှတဲ့ပြည့်စုံမှုတွေရရှိပါစေ
* ပိုင်ဆိုင်နေတဲ့ အရာတွေကို တန်ဖိုး ထားတတ်ဖို့ သင့်တင့်မျှတတဲ့ ဆုံးရှုံးမှုတွေလည်း ခံစားရရှိနိုင်ပါစေ
* နောက်ဆုံး နှုတ်ဆက် စကားပြောနိုင်ဖို့ သင့်တင့်မျှတတဲ့ နွေးထွေးမှုတွေလည်း ခံစားရရှိနိုင်ပါစေ
ရှည်လျားတဲ့ စကားအဆုံး မှာတော့ သူမ ငိုကြွေးရင်း ဝေးရာကို ထွက်သွား ပါတော့တယ်။
ပြီးပါပြီ။

Tuesday, January 15, 2008

Saturday, January 12, 2008

ဆုတောင်းပွဲအမှတ်တရ


ဒီနေ့ကျွန်တော် ကိုစောကျော်ဝင်းဦးတို့အိမ်က ဆုတောင်းပွဲကိုသွားခဲ့တယ်။ ဆုတောင်းပွဲ ဆိုတာထက် ၀တ်ပြုတဲ့ပွဲ၊ ဘုရားသခင်ကို သတိရတဲ့ပွဲလို့ ကျွန်တော်နာမည်ပေးချင်ပါတယ်။ ဘုရားသခင်ကို ယုံကြည်လို့ ဘုရားသခင်ကို သတိရလို့ ဘုရားသခင် စီမံတဲ့အခါ ကောင်းချီးပေးတဲ့အခါ သူတို့ကိုအသိအမှတ် ပြုနိုင်အောင် စုပေါင်းပြီး အောက်မေ့သတိရတဲ့ပွဲ တစ်ခု ပြုလုပ်ခြင်းဖြစ်တယ်လို့ ကျွန်တော်ခံစားမိပါတယ်။ လူငယ်တွေစီမံတဲ့ပွဲဖြစ်တာကြောင့် ပကာသနမပါ၊ ဟန်ဆောင်မှုမပါ ခံစားချက်ကိုသာအဓိကထား တဲ့ပွဲတစ်ခု၊ စုပေါင်းညီညွတ်မှုကိုဖော်ပြတဲ့ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဆုတောင်းကြပြီးတဲ့အခါ စားသောက်ဖွယ်ရာ များနဲ့လည်း အလျှံပယ် ဧည့်ခံကျွေးမွေးပါသေးတယ်။ ကျွန်တော့်အတွက်တော့ထူးခြားတဲ့ နေ့တစ်ခုအဖြစ် အမြဲတမ်းအမှတ်ရနေမှာပါ။

Friday, January 04, 2008

Free Hug




ကျွန်တော် Orchard Road ကိုသွားလည်တဲ့အချိန် ထူးခြားတာလေးတစ်ခုတွေ့လို့ဓာတ်ပုံရိုက်လာတယ်. ကင်မရာလည်းမရှိတော့ hand phone နဲ့ပဲရိုက်လိုက်ရတယ်...ကောင်လေးတစ်ယောက် လမ်းပေါ်မှာ Free Hug ဆိုတဲ့စာတမ်းကိုင်ပြီး လူတွေကိုပြနေတာ.. Free Hug ဆိုတော့ အလကားဖက်လို့ရတယ်ဆိုတဲ့သဘောပေါ့.. မြန်မာပြည်မှာဆိုရင် ဘယ်သူမှလာပြီးဖက်မှာမဟုတ် ပေမယ့် ထူးဆန်းတာဆိုရင် လိုက်လုပ်တတ်တဲ့ Singapore လူမျိုးတွေကတော့ တစ်ယောက်ပြီး တစ်ယောက် လာဖက်ကြတယ်ဗျ။ ကောင်လေးတွေပဲ ဖက်တယ်လို့ အစကထင်ပေမယ့် ကောင်မလေးတွေ၊ အဒေါ်ကြီးတွေ အဖိုးကြီး အဖွားကြီးကအစ လာဖက်ကြတယ်။ ကျွန်တော်တောင် သွားဖက်ချင်တာ ရှက်လို့။ (ကျွန်တော်နဲ့အတူကိုဂျစ်လည်းပါလာတယ်ဆိုတော့)

Happy New Year (New Year Count Down)